Monday, July 20, 2009

ဒီရက်ပိုင်း..

အိပ်ပျော်သွားတိုင်း ပြန်မနိုးတော့ရင် သိပ်ကောင်းမှာပဲ တွေးတွေးနေမိတယ်။ ဒီရက်ပိုင်း အရမ်းအိပ်တယ်။ စာလည်း ကျက်လို့မရဖူး။ ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်တာပါ။

စိတ်ပူတယ်။ ရင်နာတယ်။ စိတ်မကောင်းဖြစ်တယ်။ စိတ်ဆိုးတယ်။ ခံစားချက်မျိုးစုံ ခံစားနေရတယ်။ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ကိုယ်တယောက်ထဲ ရောက်နေသလို။ အထီးကျန်တယ်။ ဘာဖြစ်ကြတာလဲ မေးခွန်းတွေအောက်မှာ တော်တော်နာကျင်နေပြီ။

ငါ့အတွက်ပါလို့ သေချာတဲ့ ကံကောင်းမှုတွေလည်း လွဲခဲ့ရတယ်။ မတော်တဆပါဆိုတဲ့ ကံမကောင်းမှုတွေနဲ့လည်း မိတ်ဆွေလုပ်နေရပြီ။

နေမကောင်းဖြစ်တယ်။ ဆေးရုံရောက်တယ်။ Bid ထားတဲ့ ၅ဘာသာမှာ ပိုင်ပါတယ်။ လွယ်ပါတယ်။ အေးဆေးဆိုတဲ့ ၂ဘာသာ ဖြေပြီးပြီ။ မကျရင်တောင် ကံကောင်းပဲ။ ကျန်တဲ့ ဘာသာတွေ ဘယ်လိုပုံနဲ့ ဖြေရမလဲတောင် မတွေးရဲဖူး။ စာတွေဖတ်သာ ဖတ်နေရတယ် ဘာမှ ခေါင်းထဲမဝင်တော့ဖူး။

Thursday, July 2, 2009

ဒီအချိန်ရောက်ရင် ကျွန်မသူ့ကို သတိရသည်။ အပြင်မှာ မိုးတွေသည်းသည်းမည်းမည်း ရွာနေတာ။ လမ်းပေါ်မှာ လူတွေရှင်းလင်းနေတာပဲ။ သူသာ ကျွန်မနားမှာ ရှိနေဦးမယ်ဆို ဒီလို အချိန် အိမ်မှာကပ်ပြီး ဂိမ်းဆော့နေမလား၊ မုန့်ဆိုင်တဆိုင်ဆိုင် ရောက်နေမလား၊ အိမ်မှာ ကော်ဖီတခွက်ဆီနဲ့ ရုပ်ရှင်ကြည့်နေလား။

မဖြစ်နိုင်တော့ပေမယ့် ကျွန်မသူ့ကို တွေ့ချင်တယ်။ သူကျွန်မကို ပြောဖူးတယ်။ နင့်ကို ချစ်တယ်တဲ့။ ကျွန်မ မချစ်ဖူး။ ငြင်းခဲ့တယ်။ သူငယ်ချင်းတွေ အနေနဲ့ပဲနေခဲ့တယ်။ ဒီလိုနဲ့ သူ့ဘေးမှာ ကောင်မလေးတွေ တယောက်ပြီး တယောက်ပြောင်းတွေ့ခဲ့တယ်။

သူ့ဟာသူ ဘယ်လိုနေနေပေါ့လေ။ ကျွန်မတို့က သူငယ်ချင်းတွေပဲ။ ကျွန်မက အရင်လိုပဲ သူ့အတွက်ဆို ပထမဖြစ်နေတုန်းပဲ။ ဘယ်အချိန် ဘာပဲ လိုလို ကျွန်မဘက်မှာ သူတယောက်လုံးရှိနေတယ်လေ။

ဒီနေ့လိုပဲ အဲ့ဒီ့နေ့က မိုးတွေရွာနေတယ်။ ကျွန်မကို သူ နိုင်ငံခြားသွားတော့မယ်ပြောတာ။ ကျွန်မ သူနဲ့ မခွဲနိုင်ဖူး။ တကယ့် တကယ်ခွဲရမယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်ဖူးဖြစ်နေတယ်။ နောက်ပြီး... ဘာမှန်းမသိတဲ့ ခံစားချက်တခု..

သူထွက်သွားပြီး မကြာခင် ကျွန်မလည်း စာသင်ဖို့ ထွက်ဖြစ်တယ်။ နိုင်ငံမတူတော့ ကျွန်မအတွက် ဘာမှ မထူးပါဖူး။ သူနဲ့ မတွေ့ရတာက မတွေ့ရတာပဲ။ ကျွန်မတို့ နေ့တိုင်းဖုန်းပြောတယ်။ ကျွန်မ စိတ်ညစ်တဲ့ အချိန်တွေဆို အနားမှာ မနေပေးနိုင်ပေမယ့် ဖုန်းဟိုဘက်ခြမ်းကနေ ကျွန်မရဲ့ တိုင်ပင်ဖော် သူပါ။

သူရန်ကုန်ခဏပြန်မယ် ပြောတယ်။ ပြန်လာမယ်တဲ့။ ရန်ကုန်က အပြန် ကျွန်မဆီ ဝင်လည်ပြီးမှ သူပြန်မယ်တဲ့လေ။ ကျွန်မ တကယ်မသိခဲ့ပါဖူး။ သူ့ခဏက ဒီလောက်ကြာမယ့် ခဏမှန်း။ သူရန်ကုန်မှာ ကားတိုက်ခံရပြီး ဆုံးသွားတယ်လေ။

သူနဲ့ တူတူ ကျွန်မလုပ်ချင်တာတွေ အများကြီး ရှိသေးတယ်။ သူနဲ့ မိုးရွာထဲလမ်းလျှောက်ချင်တယ်။ သူနဲ့ တူတူ ကြယ်တွေလည်း ကြည့်ချင်သေးတယ်။ သူနဲ့ ဂိမ်းပြိုင်ဆော့ချင်တယ်။ ထမင်းလည်း ချက်ကျွေးချင်တယ်။ ကျွန်မချက်တဲ့ လုံးဝစားမကောင်းတဲ့ ထမင်းဟင်းတွေကို သူစားတာ မြင်ချင်သေးတယ်။ နောက်ပြီး... ကျွန်မသူ့ကို ချစ်တယ်လေ။ သူ့ကို ပြောပြချင်တယ်။ သူ့ကို ချစ်နေတယ်လို့။ သူမသိသေးဖူး။

သူပြန်မလာနိုင်တော့ဖူး။ ဒါပေမယ့် ကျွန်မစိတ်တွေက အခုထိ သူသာပြန်လာရင်လို့ တွေးနေမိတုန်းပဲ။

Tuesday, June 2, 2009

ကိုယ်ချစ်တဲ့လူက အေးစက် စိမ်းကား လာရင်..

ကိုယ်ချစ်တဲ့သူ စိမ်းကားလာရင် .. ချစ်သူနဲ့ ပြတ်တော့မယ့် အရိပ်ယောင်တွေမြင်နေပြီ ဆိုရင်

ဟုတ်ချင်မှလည်းဟုတ်မယ် .. ဒီအချက်တွေက..


၁) သူဖုန်းမပြောချင်၊ ဖုန်းမကိုင်ချင်ဖူးဆို အရမ်းကြီးဖုန်းဆက်မနေပါနဲ့ .. ဖုန်းတွေ နားညီးအောင် ဆက်နေရင် သူအနှာက်ရှက်ဖြစ်လိမ့်မယ်။

၂) သူက မအားဖူးလို့ ပြောရင် မအားဖူးလို့ နားလည်ပေးလိုက်ပါ .. သူတကယ်ကို မအားနေတာဖြစ်မယ်။

၃) ဖုန်းဆက်မယ် ပြောပြီး မဆက်ခဲ့လည်း ဂျီကျမနေပါနဲ့ .. သူပင်ပန်းပြီး အိပ်ပျော်သွားတာဖြစ်နိုင်တယ်။ နားလည်ပေးလေ။

၎) တွေ့ချင်နေရက် မတွေ့ရလို့လည်း စိတ်ကောက်မနေပါနဲ့ .. သူလည်း တွေ့ချင်မှာပါ .. ကျောင်းစာတွေ၊ အိမ်အလုပ်တွေနဲ့ မအားနေတာနေမှာ။

၅) အပြင်တွေ တခြားသူတွေနဲ့ အရမ်းထွက်မနေနဲ့ .. သူစိတ်ဆိုးမှာပေါ့ .. မဆိုးရင်တောင် စိတ်မကောင်း ဖြစ်လိမ့်မယ် .. သူနဲ့ မတွေ့ရတဲ့ အချိန် အခြားသောသူတွေနဲ့ လျှောက်သွားနေရင် ဘာပဲဖြစ်ဖြစ် မကောင်းပါဖူး။

၆) သူ စိမ်းကားလာတယ်လို့ ထင်နေတဲ့ ကာလမှာ ပိုဂရုစိုက်ပြီး သူမကြိုက်တာတွေ ရှောင်ပေးပါ။ ဘာအတွက်နဲ့မှ သူနဲ့ ရန်မဖြစ်နဲ့ပေါ့။ သူ့ကိုပဲ ပိုဂရုစိုက်ပေးပါ။

၇) ဖုန်းအရမ်း မဆက်နဲ့ဆိုပေမယ့် တနေ့ တခါလောက်တော့ ဆက်ပေါ့။ နဂိုထဲကမှ အေးစက်လာပါတယ်ဆိုမှ ကိုယ်ကပါ ဖုန်းမဆက် မတွေ့ရဆို ပိုအေးစက်သွားနိုင်တယ်။

၈) အရွဲ့မတိုက်ပါနဲ့။ အရမ်းကြီး စိတ်ဆိုးရင်တောင် .. သူ့ကို သွားအရွဲ့မတိုက်ပါနဲ့။ အခြေနေတွေ ပိုဆိုးဖို့ပဲ ရှိလာနိုင်တယ်။

၉) အိမ်မှာပဲနေပါ။ ဖြစ်နိုင်ရင် အိမ်မှာပဲ နေပါ .. သူမျက်စိမနောက်အောင် ဖြစ်နိုင်ရင် ဘယ်မှ လျှောက်သွားမနေပါနဲ့။

၁၀) သူအေးစက်လာတယ်ဆိုတာ ကိုယ်အပြစ်တခုခု ရှိလို့လည်းဖြစ်နိုင်တယ်။ ဒီတော့ ဘာမှားခဲ့လည်း ပြန်တွေး။ တောင်းပန်ဖို့လိုတယ်ဆို မြန်မြန်သာ တောင်းပန်လိုက်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ ဘာလို့ ပြိုင်မာနထားနေမှာလဲ။

၁၁) သူ့မှာ စိတ်ညစ်စရာတွေ၊ ဒါမှမဟုတ် အရမ်း အလုပ်များနေလို့ ဂရုမစိုက်နိုင်တာဖြစ်နိုင်တယ်။ ဒီတော့ သူ့ကို ထပ်စိတ်ရှုပ်စရာတွေ မပေးပါနဲ့။ ငိုလိုက် ဂျီကျလိုက်ဆို သူပိုစိတ်ညစ်နေမယ်။

၁၂) နားလည်ပေးလိုက်ပါ။ နားလည်မှုက အဓိကပဲလေ။ ဘာတွေ ညာတွေ လျှောက်တွေးမနေပါနဲ့။ ဒီတလော သူအလုပ်တွေများ ပင်ပန်းနေတာဖြစ်မယ်။ နည်းနည်းလောက် သူအေးအေးဆေးဆေး နားပါစေလား။

=) ဒီ post က ချစ်သူအတွက်ရယ် မဟုတ်ပါဖူး။ သူငယ်ချင်းပဲဖြစ်ဖြစ် .. မောင်နှမပဲဖြစ်ဖြစ် .. ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့ အဆင်မပြေ ဖြစ်နေရင် သတိထားဖို့ အချက်ပါ။ အထူးသဖြင့် ကျွန်မ ဆင်ခြင်ဖို့ ရေးတဲ့ post ပါ။

Sunday, May 10, 2009

အမေများနေ့

မေမေ့ကို လွမ်းတယ်။ ကျွန်မ အမေများနေ့ကို ရန်ကုန်မှာရှိတုန်းကလည်း မေ့မေ့နေခဲ့တယ်။ ဝေးနေမှ သူများနိုင်ငံတွေ အမေများနေ့ တယ်လုပ်တာလား။ အမေများနေ့မတိုင်ခင်ညဆို ဟိုနေရာကြည့် ပန်းစည်းတွေ ချောကလက်တွေ၊ ဒီနေရာဒီ ပရိုမိုးရှင်းတွေ၊ discount တွေ။ မေမေ့ကို လွမ်းတာမှ ပြောမနေနဲ့။

ခုဒီနေ့လည်း လွမ်းသာလွမ်းနေတာ ဖုန်းတချက်တောင်မေ့ဆီမဆက်ဖြစ်ဖူး။ စိတ်ကတော့ သတိရပါရဲ့။ စာမရသေးတာကြောင့် သိပ်စကားမပြောချင်ဖြစ်နေတယ်။

မေမေက ကျွန်မကို အရမ်းချစ်တာပါ။ ကျွန်မသိတယ်။ ဒါမယ့် အမြဲ မေမေက ကိုကြီးကိုပဲ ချစ်တာပါ သားဆို ချစ်တာမဟုတ်ဖူး လို့ မေ့ကို ပြောနေကျ။

ရယ်ရတာက ငယ်ငယ်တုန်းက ကျွန်မကို ဟိုလူနဲ့ဆို သဘောမတူဖူးနော် ဒီလူနဲ့ဆို သဘောမတူဖူးနော် ပြောနေကျမေမေက ပြီးခဲ့တဲ့ ၆လလောက်က ကျွန်မဆီလာနေတုန်း "ဒီပုံနဲ့ဆို နင်တော့ နင့် အဒေါ်ဒီဇိုင်းအတိုင်းလာမှာပဲ .. ဒီလောက် ကန့်လန့်လုပ်နေရင် အပျိုကြီးပဲ ဖြစ်တော့မယ်"တဲ့။

အိမ်မှာဆို ကျွန်မ မနက်စာဆို မစားဖြစ်တဲ့နေ့တွေများတယ်။ အိပ်ရာမနိုးတာနဲ့ နေ့လယ်ရောက်သွားတော့ နေ့လယ်စာပဲ စားဖြစ်သွားတာမျိုး။ မေမေက အေး..နောက်ဆို စုစုအတွက် ဘာမှ မနက်စာလုပ်မပေးတော့ဖူး လို့ ခြိမ်းခြောက်နေကျ။

ကျွန်မ မေမေ့ကို ချစ်တယ်။ မေမေ့ စကားပြောပုံက သူများတွေနဲ့ကို မတူတာ။ အရမ်းချစ်ဖို့ကောင်း။ =)
ဟီးး.. ကိုယ့်အမေကိုယ်ကြွားနေတာ။ မေမေက ချောလည်းချောတယ်။ ခုတလောတော့ ကျွန်မကြောင့် စိတ်ညစ်ရလို့လားမသိဖူး မေမေ နည်းနည်းအသက်ကြီးသွားသလိုပဲ။

မေမေက ကျွန်မကို ဒီလွှတ်ဖို့ အကန့်ကွက်ဆုံးလူ။ မသွားခင်၃ရက်လောက်ထိ ဖေဖေ့ကို စုကို တယောက်ထဲထားလို့ ဖြစ်ပါ့မလား အဖေရယ်လို့ပြောတုံး။ ကျွန်မကြောင့် မစားနိုင် မအိပ်နိုင်ဖြစ်ရတာတွေလည်း ကျွန်မသိတယ်။

ကျွန်မဒီကို ရောက်ကာစဆို သမီးနေကောင်းရဲ့လားမေး။ ကျွန်မက နေကောင်းပါတယ်မေရဲ့ ဆိုတော့ လူကျန်းမာပေမယ့် စိတ်လည်းပျော်မှနော်စု.. သမီးစိတ်ညစ်ရင် ပြန်သာလာခဲ့လို့ ဖြောင့်ဖြောင့်ကြီးအားပေးတဲ့ အမေ။

ကျွန်မလေ .. ဖြစ်ချင်တာတခုပြောဆို မေမေနဲ့ ဖေဖေကို အသက်ကြီးမသွားစေချင်ဖူး။ ကျွန်မ အလုပ်လုပ်နိုင်တဲ့ အချိန် သူတို့ကို ပြန်လုပ်ကျွေးနိုင်တဲ့ အချိန်ထိ ငယ်ငယ်လေးရှိနေစေချင်တယ်။ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်မရဲ့လုပ်စာကို သုံးစေချင်တယ်။

Wednesday, May 6, 2009

ကျွန်မရဲ့ ကမ္ဘာ

ကျွန်မရဲ့ ကမ္ဘာမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မနဲ့ သိပ်မတည့်တဲ့ ကျွန်မအချစ်တုံး ( အချစ်တွေ တုံးတုံးသွားလို့ :P ) အကိုရယ်၊ ကျွန်မကို အရမ်းချစ်တယ်လို့ ထင်ရတဲ့ ( ဟုတ်မဟုတ်တော့ သူပဲသိမှာ :P )အကိုတယောက်ရယ် .. ဒါပဲရှိတယ်။

ဒီကမ္ဘာသေးသေးလေးမှာပဲ ကျွန်မပျော်ပါတယ်။ ဖေဖေက အလိုလိုက်ထားတော့ ကျွန်မက နည်းနည်းတော့ ဆိုးတယ်။ မေမေက မဆူမပြောတော့ ကျွန်မက လုပ်ချင်တာလုပ်တယ်။

ဒါမယ့် ကျွန်မက လိမ်မာပါတယ်။ စာလည်းလုပ်တယ်
( လုပ်တယ်ထင်တာပဲကော :P ) နည်းနည်းတော့ ပျင်းတယ်။ နောက်နေ့မှ စာစလုပ်မယ် .. နောက်နေ့မှ စာစလုပ်မယ်ဆိုပြီး ဈေးဆစ်တတ်တယ်။ စာတစ်ခေါက်ဖတ်လိုက်တာနဲ့ မှတ်မိတယ်။ အဲ့လိုမှတ်မိမှန်းသိတော့ စာဖတ်ဖို့ ပိုပျင်းလာတယ်။ :P

ထင်ရာလုပ်တတ်တယ်။ မျက်လုံးထဲမှာ ကန့်လန့်ဖြစ်လာရင် ဆိုင်ဆိုင်မဆိုင်ဆိုင်ဝင်ပြောတတ်တယ်။ မှားနေတယ်ထင်ရင် တလောကလုံးနဲ့တောင် ပြိုင်ပြောမယ့် ကျွန်မ။ လူတွေကို သိပ်ဂရုမစိုက်တတ်ပေမယ့် ကျွန်မကမ္ဘာထဲကလူတွေကိုတော့ လိုတာထက်ပို ဂရုစိုက်မိတယ်။

သူတို့ ( အထူးသဖြင့် ဖေဖေ ) ဖြစ်စေချင်တာဆို ကျွန်မ မကြိုက်တောင် စကားနားထောင်ပါတယ်။ ကျွန်မ သူတို့ကို စိတ်ရှုပ်အောင်လုပ်မိမှာလည်း စိုးရိမ်တယ်။ ကျွန်မက မကြာခဏ အရှုပ်တွေလုပ်တတ်တာဆိုတော့။ :P

ခုထိတော့ ကျွန်မကမ္ဘာမှာ ကျွန်မနဲ့မှ လူ၅ယောက်ပဲ။ ခုအနေအထားလေးကိုပဲ ကြိုက်ပါတယ်။ သူစိမ်းမပါသေးတဲ့ ကျွန်မတို့ မိသားစုလေးက ကျွန်မအတွက်တော့ အရမ်းသာယာတယ်။ ဒါမယ့် နောက်တော့လည်း ကျွန်မကမ္ဘာလေးကို ချဲ့ရမှာပေါ့လေ။ ကျွန်မအကို မိန်းမယူတဲ့အခါ ယောင်းမလေးရှိလာအုံးမယ်။ နောက်အကိုတယောက် ချစ်သူရတဲ့အခါကျလည်း တည့်အောင်ပေါင်းရအုံးမယ်။ ဘာပဲဖြစ်ဖြစ်လေ။ ဒါတွေက ဝေးပါသေးတယ်။ ခုလက်ရှိမှာတော့ ကျွန်မက ပျော်စရာတွေအပြည့်နဲ့ ကလေးတယောက်ပဲ။ :D

Tuesday, May 5, 2009

လူတွေအမြင်နဲ့ ကန့်လန့်ဖြစ်နေတဲ့ ကျွန်မ

လူတွေအများကြီးကို ချစ်နေရင် ဘယ်သူ့အတွက်မှ အကောင်းဆုံး ကျွန်မ ဖြစ်မလာနိုင်ဖူးတဲ့။

မသိဖူး။

နားမလည်ဖူး။

ကျွန်မ သူငယ်ချင်းတော်တော်များများကို ချစ်တယ်။ သိတဲ့ ခင်တဲ့ အသိတွေလည်းများတယ်။

အားလုံးကိုလည်း ပျော်စေချင်တယ်။ အထူးသဖြင့် ကျွန်မကြောင့်တော့ စိတ်မညစ်စေချင်ဖူး။

ဒါနဲ့ .. ဘာလို့ ကျွန်မက လူအများကြီးကို တစ်ချိန်ထဲမှာ ချစ်လို့ မရရမှာလဲ။

ကျွန်မကို ကျွန်မလို့ပဲ မြင်လေ။

Tuesday, April 28, 2009

အရှုံး၊ အနိုင်

ကျွန်မက ရှုံးမှာ သိပ်ကြောက်တာ။ ဂိမ်းကစားရင်တောင် ရှုံးမယ့် ပုံပေါက်လာရင် အဲ့ပွဲကို ရပ်ပြီး အသစ်ပြန်ကစားတာမျိုး။ အမြဲတမ်း အနိုင်လိုချင်တယ်။


ကျွန်မကိုအရမ်းချစ်တဲ့ သူငယ်ချင်းတယောက် ရှိတယ်။ အချိန်တော်တော်များများ ကျွန်မတို့ ၂ယောက်အတူရှိခဲ့တယ်ပေါ့။


ဘယ်အချိန်သတိရလဲတဲ့။ ကျွန်မ သူငယ်ချင်းကမေးတယ်။ ဘယ်အချိန်သတိမရလဲ မေးတာမှ ပိုအဆင်ပြေမယ်။ ကျွန်မ အချိန်တိုင်းသူ့ကို သတိရတာပါ။ ငါ့ကိုမချစ်ဖူးမလားလဲ မေးတတ်တယ်။ ကျွန်မက ချစ်တာပေါ့ နင်က ငါ့အချစ်ဆုံး သူငယ်ချင်း။ ငါ့မှာ နင်ကလွဲရင် ဘယ်သူ့သွားချစ်ရမှာတုန်း လို့ ဖြေတတ်တယ်။


ကျွန်မ သတိရလားမေးရင်တော့ သူ့ရယ်သံငွေ့ငွေ့ကို အမြဲကြားရတယ်။ ကျွန်မရှေ့မှာရယ်နေတာ။ နင်ဘာရယ်တာလဲ မေးတော့။ ဘာမှမရယ်ဖူးလို့ အမြဲဗြောင်ညာတယ်။ သူကျွန်မကို သတိရလို့ရယ် တခါမှ မပြောခဲ့ဖူး။


ဒါမယ့် သူကျွန်မကို အရမ်းတန်ဖိုးထားမှန်းသိတယ်။ ကျွန်မကလည်း သူ့စိတ်တိုင်းကျနေခဲ့တယ်။ သူက နင်ကော်ဖီသိပ်မသောက်ပါနဲ့လား နင်နဲ့တည့်တာလဲမဟုတ်ဖူး အပြောကြောင့် ကျွန်မ သိပ်ကြိုက်တဲ့ ကော်ဖီတောင် လုံးဝမသောက်တော့တာမျိုး။ အသေးအဖွဲက အစ သူ့စိတ်နဲ့တွေ့အောင်နေခဲ့တာ။


ကျွန်မတို့ ကြားမှာ ပြသနာဆိုလို့ ၂ခုပဲရှိတယ်။ နားလည်မှုမရှိတာ၊ အနိုင်ပဲလိုချင်တာ။ သူကျွန်မကို နားလည်မပေးဖူး။ ကျွန်မနည်းနည်းလေး မှားကြည့်လိုက်၊ သူ့ အရွဲ့တိုက်စကားတွေကို ကြားရပါလိမ့်မယ်။ နောက်ပြီး ကျွန်မကို ချစ်တယ်၊ သတိရတယ် ပြောဖို့တောင် သူ့မှာ ဝန်လေးနေတာ။ သူမရှုံးချင်တာမှန်း သိပါတယ်။ ဒါပေမယ့် ကျွန်မလည်း လူပဲလေ။ တခါတလေလည်း ငါနင့်ကို အရမ်းသတိရနေတာ လောက်တော့ သူ့ဆီက ကြားချင်တာပေါ့။


ဘယ်လောက်ပဲ ချစ်ချစ် ကျွန်မလည်း မရှုံးချင်ပါဖူး။ ကြာတော့ ကျွန်မ ညာတတ်လာတယ်။ သူသတိရရဲ့လား မေးရင် .. သတိရရအောင် နင်နဲ့ငါက မတွေ့ရတာကြ လို့ ကန့်လန့်တိုက်ဖြေတတ်လာတယ်။ ချစ်လားမေးရင်လည်း .. ချစ်တာပေါ့ ငါက မောင်နှမ မရှိတော့ သူငယ်ချင်းတွေပဲ ချစ်တတ်တာ နင်သိရက်နဲ့လို့ ဖြေတတ်လာတယ်။


သူမကြိုက်မှန်းသိရက် ကျွန်မ တခြားသူငယ်ချင်းတွေနဲ့ လျှောက်သွားတတ်လာတယ်။ မကြိုက်ဖူးဆိုတာတွေပဲ လုပ်လုပ်မိတယ်။ နောက်ပိုင်းကျ ညာတာမဟုတ်တော့ပဲ တကယ်ကို သူ့မေ့နေခဲ့မိတာမျိုး။ အချိန်တော်တော်များများ တခြားသူငယ်ချင်းတွေနဲ့ ရှိနေပြီး သူဆိုတာ ဘယ်အချိန်ဘာလုပ်နေမယ် လုံးဝမသိတော့တာပါ။


နောက်ဆုံးတော့ ဘာဖြစ်လဲလား။


နောက်ဆုံးကျ အရမ်းချစ်ပါတယ်ဆိုတဲ့ သူနဲ့ကျွန်မ သိရုံသိတဲ့ အသိမိတ်ဆွေတွေ အဆင့်လောက်ပဲ ကျန်ခဲ့တယ်။ တယောက်အကြောင်း တယောက်တောင် သူများပြောပြမှ သိရတာမျိုးတွေအထိ။ ပြီးခဲ့တဲ့ ၂နှစ်က ကျွန်မတို့ ၂ယောက်ကို တွဲပြီး သိတဲ့ အသိတွေဆို ဘယ်လိုမှ ဒီ၂ယောက် ကွဲမှာမဟုတ်ဖူး၊ အရမ်းချစ်တဲ့သူငယ်ချင်းတွေလို့ပဲ မြင်ထားတဲ့ သူတွေဆို ရယ်ချင်ကြမယ်။


ထားပါလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မရော သူရောက ရှုံးမှာ သိပ်ကြောက်ခဲ့ကြတာဆိုတော့။ ကျွန်မတို့ ၂ယောက်လုံး နိုင်ခဲ့ပါတယ်။