Monday, July 20, 2009

ဒီရက်ပိုင်း..

အိပ်ပျော်သွားတိုင်း ပြန်မနိုးတော့ရင် သိပ်ကောင်းမှာပဲ တွေးတွေးနေမိတယ်။ ဒီရက်ပိုင်း အရမ်းအိပ်တယ်။ စာလည်း ကျက်လို့မရဖူး။ ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်တာပါ။

စိတ်ပူတယ်။ ရင်နာတယ်။ စိတ်မကောင်းဖြစ်တယ်။ စိတ်ဆိုးတယ်။ ခံစားချက်မျိုးစုံ ခံစားနေရတယ်။ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ကိုယ်တယောက်ထဲ ရောက်နေသလို။ အထီးကျန်တယ်။ ဘာဖြစ်ကြတာလဲ မေးခွန်းတွေအောက်မှာ တော်တော်နာကျင်နေပြီ။

ငါ့အတွက်ပါလို့ သေချာတဲ့ ကံကောင်းမှုတွေလည်း လွဲခဲ့ရတယ်။ မတော်တဆပါဆိုတဲ့ ကံမကောင်းမှုတွေနဲ့လည်း မိတ်ဆွေလုပ်နေရပြီ။

နေမကောင်းဖြစ်တယ်။ ဆေးရုံရောက်တယ်။ Bid ထားတဲ့ ၅ဘာသာမှာ ပိုင်ပါတယ်။ လွယ်ပါတယ်။ အေးဆေးဆိုတဲ့ ၂ဘာသာ ဖြေပြီးပြီ။ မကျရင်တောင် ကံကောင်းပဲ။ ကျန်တဲ့ ဘာသာတွေ ဘယ်လိုပုံနဲ့ ဖြေရမလဲတောင် မတွေးရဲဖူး။ စာတွေဖတ်သာ ဖတ်နေရတယ် ဘာမှ ခေါင်းထဲမဝင်တော့ဖူး။

Thursday, July 2, 2009

ဒီအချိန်ရောက်ရင် ကျွန်မသူ့ကို သတိရသည်။ အပြင်မှာ မိုးတွေသည်းသည်းမည်းမည်း ရွာနေတာ။ လမ်းပေါ်မှာ လူတွေရှင်းလင်းနေတာပဲ။ သူသာ ကျွန်မနားမှာ ရှိနေဦးမယ်ဆို ဒီလို အချိန် အိမ်မှာကပ်ပြီး ဂိမ်းဆော့နေမလား၊ မုန့်ဆိုင်တဆိုင်ဆိုင် ရောက်နေမလား၊ အိမ်မှာ ကော်ဖီတခွက်ဆီနဲ့ ရုပ်ရှင်ကြည့်နေလား။

မဖြစ်နိုင်တော့ပေမယ့် ကျွန်မသူ့ကို တွေ့ချင်တယ်။ သူကျွန်မကို ပြောဖူးတယ်။ နင့်ကို ချစ်တယ်တဲ့။ ကျွန်မ မချစ်ဖူး။ ငြင်းခဲ့တယ်။ သူငယ်ချင်းတွေ အနေနဲ့ပဲနေခဲ့တယ်။ ဒီလိုနဲ့ သူ့ဘေးမှာ ကောင်မလေးတွေ တယောက်ပြီး တယောက်ပြောင်းတွေ့ခဲ့တယ်။

သူ့ဟာသူ ဘယ်လိုနေနေပေါ့လေ။ ကျွန်မတို့က သူငယ်ချင်းတွေပဲ။ ကျွန်မက အရင်လိုပဲ သူ့အတွက်ဆို ပထမဖြစ်နေတုန်းပဲ။ ဘယ်အချိန် ဘာပဲ လိုလို ကျွန်မဘက်မှာ သူတယောက်လုံးရှိနေတယ်လေ။

ဒီနေ့လိုပဲ အဲ့ဒီ့နေ့က မိုးတွေရွာနေတယ်။ ကျွန်မကို သူ နိုင်ငံခြားသွားတော့မယ်ပြောတာ။ ကျွန်မ သူနဲ့ မခွဲနိုင်ဖူး။ တကယ့် တကယ်ခွဲရမယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်ဖူးဖြစ်နေတယ်။ နောက်ပြီး... ဘာမှန်းမသိတဲ့ ခံစားချက်တခု..

သူထွက်သွားပြီး မကြာခင် ကျွန်မလည်း စာသင်ဖို့ ထွက်ဖြစ်တယ်။ နိုင်ငံမတူတော့ ကျွန်မအတွက် ဘာမှ မထူးပါဖူး။ သူနဲ့ မတွေ့ရတာက မတွေ့ရတာပဲ။ ကျွန်မတို့ နေ့တိုင်းဖုန်းပြောတယ်။ ကျွန်မ စိတ်ညစ်တဲ့ အချိန်တွေဆို အနားမှာ မနေပေးနိုင်ပေမယ့် ဖုန်းဟိုဘက်ခြမ်းကနေ ကျွန်မရဲ့ တိုင်ပင်ဖော် သူပါ။

သူရန်ကုန်ခဏပြန်မယ် ပြောတယ်။ ပြန်လာမယ်တဲ့။ ရန်ကုန်က အပြန် ကျွန်မဆီ ဝင်လည်ပြီးမှ သူပြန်မယ်တဲ့လေ။ ကျွန်မ တကယ်မသိခဲ့ပါဖူး။ သူ့ခဏက ဒီလောက်ကြာမယ့် ခဏမှန်း။ သူရန်ကုန်မှာ ကားတိုက်ခံရပြီး ဆုံးသွားတယ်လေ။

သူနဲ့ တူတူ ကျွန်မလုပ်ချင်တာတွေ အများကြီး ရှိသေးတယ်။ သူနဲ့ မိုးရွာထဲလမ်းလျှောက်ချင်တယ်။ သူနဲ့ တူတူ ကြယ်တွေလည်း ကြည့်ချင်သေးတယ်။ သူနဲ့ ဂိမ်းပြိုင်ဆော့ချင်တယ်။ ထမင်းလည်း ချက်ကျွေးချင်တယ်။ ကျွန်မချက်တဲ့ လုံးဝစားမကောင်းတဲ့ ထမင်းဟင်းတွေကို သူစားတာ မြင်ချင်သေးတယ်။ နောက်ပြီး... ကျွန်မသူ့ကို ချစ်တယ်လေ။ သူ့ကို ပြောပြချင်တယ်။ သူ့ကို ချစ်နေတယ်လို့။ သူမသိသေးဖူး။

သူပြန်မလာနိုင်တော့ဖူး။ ဒါပေမယ့် ကျွန်မစိတ်တွေက အခုထိ သူသာပြန်လာရင်လို့ တွေးနေမိတုန်းပဲ။